ပျော်ရွင်ခွင့်ကို မျှော်လင့်ရင်းနဲ့
စောင့်မျှော်ခဲ့ရတာလဲ ယနေ့ထိတိုင်အောင်ပါပဲ.......
စလာကတည်းကနှစ်သိမ့်ခံ၊ထူးခြားမည့်ဟန်
ချင်းပြည်မှာဝိသေသဟု၊ပညတ်သက်သက်ကျန်......
ဝရှိမှဝိဖြစ်သတဲ့၊ဘယ်မှာလဲဝိလုပ်ဖို့
ဝမရှိတော့ဝိမဖြစ်၊၀ိဖြစ်ဖို့က၀မရှိ
ဒီလိုနဲ့လုံးခြာလည်၊သံသရာရယ်လည်ပတ်နေဆဲ.........
သံသရာနယ် ကံဇာတာရယ် တစ်ခါတစ်ခေါက်တော့ဖြင့်
ကျုပ်တို့ကိုလဲ ဖေးကူကွယ်
ခြောက်တွဲ၊ချော့တွဲ နယ်ကလွတ်ချင်တယ်......
ရိုးသားဖို့တော့လိုလိမ့်မယ်၊ကြိုးစားကြစို့ကွယ်
တစ်နေ့တစ်လံ ဆိုတဲ့စကား အရှိသားနဲ့
အားမလျော့နဲ့ကွယ်.......
လူနေချုံကြား၊စိတ်နေဘုံဖျားတဲ့
အားရှိလိုက်တာမောင်တို့ရယ်
ဒါပေမဲ့ကိုယ်တို့ ဘ၀က
ဘုံဖျားကိုလဲ မတက်နိုင်
ချုံကြားကလဲ မလွတ်နိုင်ခဲ့
ဒီတော့...... ကျုပ်တို့ဘယ်လိုလုပ်မလဲ
ငိုတဲ့ကလေးနို့စို့ ရသတဲ့
ကျုပ်တို့လဲ ငိုကြဖို့အချိန်တန်ပြီ........
ဖေသာအောင်(၆.၉.၂၀၁၂)
Wednesday, September 19, 2012
ငါ့နာမည် ချင်းအမျိုးသားနေ့
သွေးအသက်နဲ့ပေးဆပ်ခဲ့ရတဲ့ငါ့နာမည်
ခေါ်ချင်ရာမခေါ်ကြပါနဲ့
နည်းနည်းလေးတော့အားနာပေးကြပါ
ကလေကချေ ဝေလေလေမဟုတ်ဘူး
ငါ့နာမည်မှာ သမိုင်းကြောင်းရှိတယ်...........
ရေဆန်ခရီးကြမ်းမှာ မွေးဖွားရှင်သန်ရရှိလာတဲ့ငါ့နာမည်
ခေါ်ချင်ရာခေါ်လို့တော့မဖြစ်ဘူး
မွေးရက်သက္ကရာဇ် အမှန်အကန်နဲ့
နာမည်အရင်းရှိနေတာကို
ကြံကြံဖန်ဖန် ပြောင်းလဲမခေါ်ကြပါနဲ့
အတိမ်းအစောင်းတောင် မခံနိုင်ဘူးဟေ့............
ငါ့ကိုမွေးဖွားပေးခဲ့ကြတဲ့
မိဘတွေရဲ့မျက်နှာကိုမှမထောက်
ခေါ်ချင်ရာမခေါ်ကြပါနဲ့
သမိုင်းကြောင်းအမှန်နဲ့ ငါ့နာမည်ကို
နောင်လာနောင်သား နှောင်းလူများတို့
အငြင်းမပွားလေနဲ့ ငြိမ်းချမ်းစွာနဲ့
ငါ့ရဲ့မွေးနေ့ရက်မြတ်ကို
အမှန်အကန် တူတူတန်တန်လေးတော့ လုပ်ပေးကြပါ........
မမှန်မကန် အကြံအဖန်တွေ မလုပ်မိစေနဲ့
ငါ့ရဲ့မွေးနေ့က ၁၉၄၈ ခုနှစ်၊ဖေဖေါ်ဝါရီ(၂၀)ရက်
ငါ့နာမည်က (ချင်းအမျိုးသားနေ့) ဖြစ်တယ်.......
ဖေသာအောင်(၂၇.၁.၂၀၁၂)

Tuesday, September 4, 2012
ကမ်းမဖြူချောင်းရေကြီးပြီး လှေတိမ်းမှောက်
၂၀၁၂ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ ခန့်တွင် ကမ်းမဖြူ
ဘက်ကမ်းမှ ပေါက်ဘက် ကမ်းသို့ လှေဖြင့် ခရီးသည်များအား ပို့ဆောင်ပေးရာ ၄င်း
လှေပေါ်တွင် ခရီးသည် ၁၄ ဦးနှင့် ဆိုင်ကယ် ၇ စီးကို တင်ဆောင် ပြီးဖြတ်ကူးစဉ်
တိမ်းမှောက်သွားကြောင်း သတင်းရရှိသည်။
အဆိုပါလှေတိမ်းမှောက်မှုတွင် ယနေ့အထိအမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး ဆိုင်ကယ် ၃ စီး တို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး တစ်ဦး အလောင်းကိုလဲ ဆယ်ယူရရှိခဲ့သည်။ကျန်ငါးဦးကိုမူ ဆက်လက်ရှာဖွေဆဲဖြစ်သည်ဟု ပေါက်မြို့နယ် ရဲတပ်ဖွဲ့မူးရုံးမှ သတင်းရရှိသည်။
၎င်းကမ်းမဖြူချောင်းသည်မိုးရာသီကာလများတွင် ချောင်း၏အနောက်ဘက်ကမ်းရှိ ပေါက်နယ်၊ ယောနယ် နှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် မတူပီမြို့နယ်များမှ ခရီးသွားပြည်သူတို့အတွက် အဟန့်အတားကြီး တစ်ခုဖြစ်ပါသည်။န၀တ အစိုးရလက်ထက်တွင် ၄င်းချောင်းအနီး အုန်းတော တံတားအား တည်ဆောက် ပေးခဲ့ရာ ရာသီမရွေး ခရီးသွားလာရေးလွယ်ကူခဲ့ပါသည်။၂၀၁၀ ခုနှစ်မိုးရာသီတွင် ချောင်းရေ ကြီးပြီး အုန်းတော တံတား ပျက်စီး ခဲ့ရာ ယခု အချိန်အထိ ပြန်လည်ပြုပြင် ခြင်းမရှိသေးသဖြင့် ကမ်းမဖြူချောင်းအား အန္တရာယ်ကြီးစွာ လှေငယ်များဖြင့်သာဖြတ်ကူးနေရပါသည်။ထိုသို့လှေငယ်များဖြင့်ဖြတ်ကူးရာတွင် လှေငယ်များ မကြာခဏ တိမ်းမှောက်ခြင်း၊ရေကျစဉ် လမ်းလျှောက်ဖြတ်ကူးသူများ ရုတ်တရက် တောင်ကျချောင်းရေကြီးလာသဖြင့် မျှောပါသွားခြင်း များကို နှစ်စဉ် ကြုံကြရပါသည်။
ထို့ကြောင့် ကမ်းမဖြူချောင်းအား ဖြတ်သန်းသွားလာနေရသော ခရီးသွားပြည်သူများ ထိုအန္တရယ်မှ ကင်းဝေးစွာ ခရီးသွားလာနိုင်ရေးအတွက် ယခင်ပျက်စီးသွားခဲ့သော အုန်းတော တံတားအား တာဝန်ရှိသူများမှ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ပေး ရန်ခရီးသွားမိဘ ပြည်သူများ မှ လိုလားလျက်ရှိကြောင်းသတင်းရရှိသည်။
ဖေသာအောင်

Monday, September 3, 2012
နေရာမှန်ဆီပြန်ခဲ့မည်
စိတ်အလိုကိုမလိုက်ခဲ့မိတာအမှန်ပါ.....
သို့သော်...ခေတ်အလိုကိုတော့လိုက်ခဲ့မိပြီလေ......
ခွင့်လွတ်ပါတောင်ပြာရေ...
ဘယ်သူခွဲချင်မလဲ၊ကိုယ့်မြေ၊ကိုယ့်ရေ၊ကိုယ့်ရဲ့အဆွေတွေကို.....
ဒါပေမဲ့...တာတို့မြေ၊တာတို့ရေ..တို့တွေမပိုင်တဲ့အခြေမို့
မိခင်တောင်တန်း၊တောင်ပြာတန်းက
မွေးရပ်စွန့်ခွာ၊၀မ်းရေးသာမည့်၊ရေမြေရပ်ခြား၊
ပင်လယ်ကြားသို့၊ရွက်လွင့်ထွက်ခွာ၊စွန့်ခဲ့ပါသည်......
စွန့်ခွာလာငြား၊နောက်တော်ပါးက၊ကျန်ရှိနေမည့်၊
သိုက်မြုံရိပ်မှ၊မိဘမောင်ဘွား၊ပေါက်ဖော်များအတွက်
မျှော်တွေးရင်လေး၊ရင်မအေးခဲ့........
အိမ်အရေးရင်မအေးနိုင်သူကိုယ့်မှာလဲ၊
ရေကြည်ရာမြက်နုရာရှာခဲ့ပေမဲ့၊တကယ်တမ်းမှာတော့
အလွယ်လမ်း၊မျက်ကန်းတစ္ဆေမကြောက်သည့်နှယ်လျှောက်ခဲ့သူမို့
ရေကြည်လည်းနောက်၊မြက်လည်းခြောက်ခဲ့ပေါ့......
ရှိစေတော့တောင်ပြာရေ.......
လွတ်လမ်းကိုထွက်မြန်းဖို့၊အလွယ်လမ်းကိုလည်းမရှာတော့ဘူး
အေးအတူပူအမျှ ကြုံလာသမျှကို အရင်တုန်းကလိုပဲ
တို့တတွေကြံ့ကြံ့ခံမယ်၊ဘယ်လောက်ကြာမှာလဲ၊
ကြာတာကတို့တွေအတွက်အဆန်းမှမဟုတ်ပဲ
ကြာချင်ကြာ၊လာချင်လာ၊တို့တတွေမခွဲအတူပြန်လို့
ပွဲအတူပြန်ပြီးကကြမယ်..........
တောင်ပြာတန်းကြီးရေ......
စောင့်နေနှင့်ပါ၊ကိုယ်လေမင်းရှိရာ
နေရာမှန်ဆီပြန်ခဲ့မည်.......

Subscribe to:
Posts (Atom)